Thursday, 9 April 2009
အချစ်ဆိုတာ.....
လူတစ်ယောက်ဟာဘ၀မှာအချစ်နဲ့ ပတ်သက်ပြီး ၄ မျိုး ၄ စားတွေ့ ရတတ်တယ်တဲ့။ ပထမတစ်ယောက်ကသင်ကိုယ်တိုင်ပါ၊ ( လူဟာကိုယ့်ကိုယ်ကိုအချစ်ဆုံးပါပဲ။ ) ဒုတိယကတော့ သင်ကအချစ်ဆုံးသူ၊ ( တစ်နည်းပြောရင်သင့်ကိုချစ်တတ်အောင်သင်ပေးတဲ့သူပါ။ ) တတိယက သင့်ကိုအချစ်ဆုံးသူ၊ ( ချစ်တတ်လာတော့ကိုယ့်ကိုချစ်တဲ့သူတွေကိုလဲမြင်လာတယ်၊ ဒီလိုနဲ့ ကိုယ့်ကိုဘယ်သူအချစ်ဆုံးဆိုတာသိလာတယ်။ ) စတုတ္ထကတော့ သင်တစ်ဘ၀လုံးလက်တွဲသွားတဲ့သူ။ ( နောက်ဆုံးတော့ကိုယ့်အတွက်ဘယ်သူကအလိုအပ်ဆုံးလဲဆိုတာသိလာပြီးဘ၀လက်တွဲဖော် အဖြစ်အသင့်တော်ဆုံးသူကိုရှာကြရော။ ) ဒီ ၄ မျိုးပါ။ စိတ်မကောင်းစရာတစ်ခုကတစ်ချို့ တွေအတွက်ဒီ ၃ ယောက်ဟာထပ်တူမကျကြဘူးလေ။ ( ကိုယ်ကိုယ်တိုင်မပါတော့ဘူးနော် ) ကိုယ်ချစ်တဲ့သူကျတော့ကိုယ့်ကိုမချစ်ဘူး၊ ကိုယ့်ကိုချစ်တဲ့သူကျပြန်တော့ကိုယ်ကမချစ်နိုင်၊ လက်တွဲဖြစ်တဲ့သူကျတော့လဲ သူမချစ်ကိုယ်မချစ်ဖြစ်နေနိုင်တာပဲ။ ချောင်းဆိုးခြင်းနဲ့ အချစ်ကအောင့်အီးလို့ မရဘူးဆိုတဲ့စကားတစ်ခုကြားဖူးပါတယ်၊ ချစ်ရင်လဲဟန်ဆောင်လို့ မရသလို မချစ်တော့ရင်လဲဟန်ဆောင်ဖုံးကွယ်လို့ မရပါဘူး။ ကိုယ့်ကိုမချစ်တော့ပါဘူးဆိုတဲ့လူတစ်ယောက်ကိုဂုဏ်သိက္ခာအတွက်တော့ဖက်တွယ်မထားသင့်တော့ပါဘူး၊ သူ့ ရဲ့ပျော်ရွှင်မှုတွေကိုပိတ်ပင်တားဆီးတာဟာချစ်ရာမရောက်ပါဘူး။ လူတစ်ယောက်ကကိုယ့်ကိုမချစ်တော့ဘူးဆိုရင်အပြစ်တင်နေလို့ လဲမထူးတော့ဘူးလေ။ ကိုယ်ကမမေ့နိုင်သေးဘူးဆိုရင်တောင်မှနှလုံးသားရဲ့ တစ်နေရာမှာထည့်သိမ်းထားလိုက်ရုံကလွဲပြီးဘာမှလုပ်လို့ မရတော့ပါဘူး။ အချစ်ဆိုတာပိုင်ဆိုင်မှုတစ်ခုမဟုတ်ပါဘူး၊ သင်ဟာလမင်းကြီးကိုသဘောကျတယ်ဆိုရင်တောင် မိုးပေါ်ကနေယူချပြီးရေကန်ထဲထည့်ထားလို့ ရတာမှမဟုတ်တာပဲလေ။ လမင်းကြီးကတော့သူ့ နေရာမှာသူရှိနေခဲ့ရင်သင့်ကိုအလင်းရောင်ပေးနေမှာပဲမဟုတ်လား။ လူတစ်ယောက်ကိုချစ်မိပြီဆိုရင် ပိုင်ဆိုင်ချင်တာနဲ့ အမျှအဲဒီလူရဲ့ အကောင်းအဆိုးကိုပြုပြင်နိုင်ဖို့ ကြိုးစားတတ်ကြတယ်၊ လူဆိုတာကိုယ်ကြိုက်သလို ပြုပြင်လို့ လွယ်ကူတာမှမဟုတ်တာ။ ဒါပေမဲ့ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ အချစ်ကတော့အချစ်ပါပဲနော်။ အချစ်စစ်ဆိုတာ လူသားနှစ်ဦးနှစ်ယောက်အတွက်ဘာကတိသစ္စာ၊ ဘာ စာရင်းဇယားမှမပါဘဲအခက်ခဲဆုံးပြသနာတွေကိုအတူလက်တွဲဖြေရှင်းကြတာမျိုးပါ။ လူနှစ်ယောက်ချစ်ကြပြီဆိုတာနဲ့ ကတိတွေသစ္စာတွေကလာတော့တာပဲ။ အဲဒါတစ်ဦးကိုတစ်ဦးမယုံကြည်လို့ ပေါ့၊ မိုးပြိုတဲ့အထိ၊ ပင်လယ်ရေတွေမခန်းသရွေ့ တို့ ဆိုတာညာတာပါပဲ၊ မိုးကလဲမပြိုနိုင်သလို ပင်လယ်ရေကလဲခန်းမှာမှမဟုတ်တာ၊ အဲလိုဖြစ်ခဲ့ရင်တောင် လူတွေကအသက်ရှင်ပါတော့မလားနော်။ မဖြစ်နိုင်တာတွေကတိပေးနေ၊ ကျိန်တွယ်နေမဲ့အစားဖြစ်နိုင်တာကိုလုပ်ပြတာကပိုကောင်းမှာပါ။ ကိုယ်လုပ်တာတစ်ခု၊ ပြောတာတစ်မျိုးဖြစ်နေရင်တော့ အချင်းချင်းယုံကြည်မှုဆိုတာဘယ်မှာရှိနိုင်ပါ့မလဲလေ။ သင်တို့ ရော...... ဘ၀နဲ့ အချစ်ကထပ်တူကျပါရဲ့ လား?
Subscribe to:
Post Comments (Atom)
No comments:
Post a Comment